18.8.11

ရေခြားမြေခြား အလွဲများ …..


    ရေခြားမြေခြား အလွဲများ     …..       
ဆရာကေ
နိမ်းဟဲ ဆိုတဲ့ ကုလားစကားက no နဲ့တူပါတယ်.. ငြင်းဆန်တဲ့စကားပါ..  ဆိုပါစို့ ဦးကေလာသဆိုတဲ့ ကျောင်း သားသစ်ကိုယ်တော်လေးဟာ ရောက်ခါစက တက္ကသိုလ်မှာ ကျောင်းသားကဒ်သွားထုတ်ပါတယ်.. ကုလားကို သူက Please give me my indentity card လို့ပြောတော့ ကုလားက မသိတာလား မရှိတာလားတော့ မသိဘူး .. နိမ်းဟဲ လုပ်ပါလေရော..ဒါကို ကိုယ်တော်က  သူ့ကို နာမည်မေးတယ်ထင်ကာ ရင်ဘတ်လေးလက်နဲ့ ပုတ်ပုတ် ပြီး My name is Kelasa  လုပ်ကရောတဲ့. ကုလားက နိမ်းဟဲ လုပ်လိုက် .. ကိုယ်တော်က  My name is Kelasa  လုပ်လိုက်နဲ့ နှစ်ယောက်သား ရုံးခန်းထဲမှာ တော်တော် မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ဆိုပဲ… ကျောင်းပြန် ရောက်တော့ နာမည်ကျတော့မေးပြီး ကဒ်ကျတော့ ထုတ်မပေးဘူး လို့ရင်ဖွင့်တော့ အကျိုးအကြောင်းမေးကြည့် ပြီး ၀ိုင်း ဟား လိုက်ကြကာ အားလုံက သူ့ကို နာမည်ပေးလိုက်ပါတော့တယ် .. ဆရာကေ  လို့….

တော်တော်ခါးတဲ့ အချိုရည်
နိုင်ငံခြားအဲယားလိုင်းတွေဟာ ဘုန်းကြီးသော သီလရှင်သောမရှောင် ဘီယာဗူးတွေပေးတတ်ပါတယ်.. ဘီယာ ဗူးကို အချိုရည်ဗူးမှတ်ပြီး ယူခဲ့တဲ့ကိုယ်တော်လည်း ရှိခဲ့ဖူးပါရဲ့.. ကျောင်းရောက်လို့နေရာထိုင်ခင်းချအပြီးမှာ  ခေါင်းရင်းမှာ ဘုရားစင်လေးတွေ့တော့ ကိုယ်တော်က လေယာဉ်မယ်လှူလိုက်တဲ့ဗူးကို ထုတ်ပြီး ဘုရားကိုကပ်ပါလေရော….ဘေးကကိုယ်တော်တွေက ဗူးကိုသေချာကြည့်မှ ဘီယာဗူးမှန်းသိကြသတဲ့.. ဒီတော့ ကိုယ်တော်တစ်ပါးကပြောတယ်  တော်သေးတာပေါ့ ဒီကိုယ်တော် လေယာဉ်ပေါ်ဖောက်မသောက်ခဲ့လို့ သောက်မိရင် တော်တော်ခါးတဲ့ အချိုရည် လို့ပြောနေဦးမှာ တဲ့..

ဘယ်မောင်း
ကိုယ်တော်လေးတစ်ပါးကျတော့ လေယာဉ်ပေါ်ကဆင်းပြီး ကျောင်းရောက်လို့မှ မကြာသေးဘူး .. ကိုယ်တော် တွေစက်ဘီးစီးနေကြတာမြင်တော့ သူလည်း စီးမယ်လုပ်ပါလေရော.. စီးတတ်ရဲ့လားဆိုတော့  အမယ် သူက မန္တလေးသားပါ တဲ့ .. ကဲ စီးဟ ဆိုပြီးလွှတ်လိုက်တာ  ဘယ်လောက်မှမဝေးသေးဘူး ကုလားနဲ့မျက်နှာချင်းဆိုင် တိုက်ပါလေရော.. ကုလားက လမ်းမှန်ဆိုတော့ ရန်တွေ့လိုက်တာ ဆူညံသွားတာပဲ.. ကိုယ်တော်တွေ ပြေးပြီး မနည်းဖြေရှင်းယူရတယ်.. ကုလားကလည်းစိတ်တို  မန္တလေးသားကလည်းဆွဲထိုးပါမယ်တကဲကဲလုပ်နေလို့ အတင်းဆွဲခေါ်လာရတယ်.. မလုပ်နဲ့ကိုယ်တော် သူက မှန်တယ် ကိုယ်တော်ကမှားနေတာ လို့နားချတော့  ဟ ငါက ငါ့ညာဖက် ငါ ကပ်စီးနေတာပဲ ကုလားက သာ ပြောင်းပြန်ကြီးဝင်လာတာ လုပ်နေလို့ ကိုယ်တော်ရေ  ဒီမှာ က  ဘယ်မောင်း ဘယ်မောင်း လို့ပြောလိုက်ကြရသတဲ့….

What is his name ?
ကိုယ်တော်လေးတစ်ပါးကျတော့ သူကအမှန်ပါ.. မဂဓတက္ကသိုလ်ထဲမှာ သူကလမ်းမှန်အတိုင်းစီးလာတာ ကုလားက ၀င်တိုက်ပါလေရော.. ထုံးစံအတိုင်း ကုလားအုပ်ကြီးဖြစ်လာပြီး သူတို့ကုလားသူတို့ခေါ်သွားကြပါလေ ရော..ဘာရမလဲ ရဲစခန်းကလည်းနီးတော့ ကိုယ်တော်လေးက စက်ဘီးထမ်းပြီး သွားတိုင်တော့တာပဲ.. တိုင်ချက် နားထောင်ပြီး စခန်းမှုးကမေးတယ် .What is his name ? တဲ့ .. ကိုယ်တော်လေးကပြန်ဖြေတယ်.. မသိဘူးပေါ့  ဒါပေမယ့် ခုလေးတင်ဒီစခန်းနောက်နားကကုလားတန်းလျားတွေထဲဝင်သွားတယ်.. ခင်ဗျား ခု သွားကြည့်ရင် တွေ့လိမ့်မယ်.. ဒူးနှစ်ဘက်လုံးလည်း ဒဏ်ရာရထားတယ်.. မြင်ရင်မှတ်မိတယ် သွားကြစို့ ကျုပ်လိုက်ခဲ့   မယ်ဆိုတော့  ရဲက ဘန္တေကြီး သူ့နာမည်မသိရင် အမှုဖွင့်လို့မရဘူး သူ့နာမည်သိမှ ပြန်လာခဲ့ပါတဲ့ဗျား…. ဗုဒ္ဓဂါယာမှာ အနာဂါရိက ဓမ္မပါလရဲ့တပည့်တွေကို မဟန့်လူတွေ ၀ိုင်းရိုက်ကြတုန်းက အ တွင်းလူနာဖြစ်နေတဲ့ကိုယ်တော်လေးအတွက် ရဲစခန်းသွားတိုင်တုန်းကလို ကိုယ်တိုင်တိုင်မှ ရမယ် ဘေးလူတိုင် တာ လက်မခံဘူး ဆိုသလိုဖြစ်တော့သကိုး….

မဆလာ
အိန္ဒိယက စာသင်သားတွေ ကိုယ်တိုင်ဈေးသွားပြီး ကိုယ်တိုင်ချက်စားကြရပါတယ်.. တစ်နေ့ ကုလားစကား မပြောတတ်သေးတဲ့ ကိုယ်တော်လေးဈေးသွားရတော့ မဆလာ က ရှာမရဖြစ်နေရော.. ရှာမရတဲ့အဆုံး မေးရတာပေါ့.. curry powder  ပြောလည်းမရ mortar ပြောလည်းမသိဖြစ်နေတော့  သိတဲ့ကိုယ်တော်ဆီ ဖုန်း ဆက်ပြီး မဆလာကို ကုလားလို ဘယ်လိုခေါ်တုန်းမေးတော့ မဆလာ လို့ပဲ ခေါ်သတဲ့… ( မဆလာ ၊ အာလူး  ဂေါ်ဖီ ၊ ပိုက်ဆံတို့သည် ကုလား ဗမာ အခေါ်တူပါသည်)

တိုက်ပြီ တိုက်ပြီ
မဂဓတက္ကသိုလ်ဝင်းက ရှင်းလည်းရှင်း ကျယ်လည်းကျယ်တော့ စက်ဘီးစီးသင်တာဝင်းထဲမှာအသင်များပါ တယ်.. နောက်ပြီး ကုလားမတွေ ရေချိုး ရေခပ်ကြတဲ့ ရေဘုံဘိုင် ငုတ်တွေကလည်း ပေါပါဘိနဲ့… တစ်နေ့တော့ စီးတတ်ကာစ ကိုယ်တော်လေးတစ်ပါးဟာ ဆိုင်ကယ်ကိုလန့်ပြီး ဘေးထိုးဆင်းသွားပါလေရော…ရေဘုံဘိုင်မှာလည်းကုလားမတစ်ယောက်က ကုန်းကုန်းကြီးနဲ့ခြေထောက်ကို ချေးတွန်းနေသတဲ့…  ကိုယ်တော်ကလည်း တိုက်ပြီ တိုက်ပြီ နဲ့ ပါးစပ်ကအော်ပြီး ကုန်းနေတဲ့ကုလားမကို နောက်ကနေတည့်တည့်ဝင်စောင့်လိုက်တာ ရှေ့ဘီးတောင် ခွင်သွားတယ်ဆိုပဲ… လူရှင်းတဲ့အချိန်မို့ အကျယ်အကျယ်မဖြစ်လိုက်ပေမယ့် ကိုယ်တော့်အိတ်ထဲက ရူးပီးနည်းနည်းတော့ ထွက်သွားတယ် ကြားတာပဲ…..     

အသွင်သဏ္ဌာန် နှင့် အနှစ်သာရ


                           
အိန္ဒိယနိုင်ငံ  ဗုဒ္ဓ္ဓ္ဓဂါယာမှာ ကျောင်းသားကျောင်းဆိုတာ ရှိပါတယ်.. မြန်မာပြည်ကနေ အိန္ဒိယကိုစာလာသင်ကြတဲ့ စာသင်သားရဟန်းတော်များရဲ့ အမေ့အိမ်သဖွယ်  ချစ်ခင်တွယ်တာ နားခိုအိပ်စက်  ပျော်မွေ့ရာ တသက်တာ မမေ့ရက်စရာတွေနဲ့ တသသ သတိရနေရမယ့် ကျောင်းတော်ကြီးပါ.. တစ်နေ့ ဆွမ်းချက်အလှည့်ကျလို့ မီးဖိုခန်းထဲမှာ ဟင်းချက်ဖို့ အထုပ်တစ်ထုပ်ကိုဖောက်ခါနီး အလှူရှင်စာတန်းလေး တွေ့လို့ ဖတ်ကြည့်မိပါတယ်.. နာမည်တွေ လိပ်စာတွေ မမှတ်မိတော့ပေမယ့်  ဤကောင်းမှုကြောင့် မိသားစုလိုက် ဗုဒ္ဓ္ဓ္ဓဂါယာသို့ဘုရားဖူးလာရပါလို၏ဘုရား ဆိုတဲ့ဆုတောင်းလေးကြောင့် ရင်ထဲမှာ နင့်ကနဲဖြစ်မိပါတယ်..   ပြီးတော့လည်း   မိုင် 1800 ကျော်ရှိတဲ့ ဘုရားဖူးခရီးစဉ်ကို ကိုယ်တိုင်သွားဖူးသူတစ်ယောက်အနေနဲ့ တွေ့ကြုံ ခံစားခဲ့ရတဲ့ ဆွတ်ပျံ့လွမ်း မောဖွယ် ကြေကွဲဝမ်းနည်းဖွယ် ၀မ်းသာအားတက်ဖွယ် အသွင်သဏ္ဌာန်ပိုင်းဆိုင်ရာမြင်ကွင်းတွေနဲ့ အနှစ်သာရ  ပိုင်းဆိုင်ရာ လေးနက်မှုအတွေးတွေလည်း စိတ်ထဲမှာ ပေါ်လာမိပါတယ်…
          ဘုရားအလောင်းတော်ကို မဟာသက္ကရာဇ် 68 ခုနှစ် ကဆုန်လပြည့် သောကြာနေ့ (B.C 623 May) မှာကပိလ၀တ်ပြည် နှင့် ဒေ၀ဒဟပြည်အကြားရှိ လုမ္ဗိနီဥယျာဉ်မှာ မယ်တော်သည် မတ်တတ်ရပ်လျှက် သားတော် လည်း သတိရှိလျှက် မျက်လုံးပွင့်လျှက် လက်ဖ၀ါးတို့ကိုဖြန့်လျှက် ခြေတို့ကိုဆန့်လျှက် အညစ်အကြေးကင်းစွာ ဖြင့် ခြေမှစ၍ မယ်တော်ရော သားတော်ပါ ချမ်းချမ်းသာသာ ဖွားမြင်ခဲ့ပါတယ်..  ဒီကမ္ဘာအစ မဟာသမ္မတမင်း သည် သိဒ္ဓတ္ထမင်းသားပင်ဖြစ်ခဲ့၍ မဟာသမ္မတမင်းမျိုးဆက်မှာပင် ပြန်လည်ဖွားမြင်ခဲ့တာဖြစ်ပါတယ်.. မဟာ သမ္မတမင်းမှသည် အလောင်းတော်ဖွားမြင်သည်အထိ မင်းဆက်ပေါင်း (334569 ) သုံးသိန်း သုံးသောင်း လေး  ထောင့်ငါးရာ ခြောက်ဆယ့်ကိုးဆက်ရှိပြီး တခြားသွေးမရောနှောသော အသမ္ဘိန္နခတ္တိယ မင်းမျိုးဆက်မှာ ဖွားမြင် ခဲ့တာ ဖြစ်ပါတယ်.. ဖွားမြင်ချိန်မှာ မယ်တော့် အသက် 57  နှစ်ထဲမှာဖြစ်ပြီး နောက် ခုနစ်ရက်အကြာမှာ နတ်ရွာစံခဲ့ပါတယ်..အလောင်းတော် ပဋိသန္ဓေနေခဲ့ဖူး  သောမိခင်သည် ပရိဘောဂစေတီထိုက်၍ မည်သည့်အမျိုးသားမှ သုံးဆောင်ခံစားခြင်းငှာမထိုက်သလို နောက်ထပ်ပဋိသန္ဓေနေခြင်းငှာလည်း မထိုက်တန်တော့ပါဘူး.. မယ်တော့်အသက် 10 လနဲ့ 7 ရက်အကျန်မှာ အလောင်းတော် ပဋိသန္ဓေနေခဲ့တာဖြစ်လို့ မွေးဖွားရခြင်းကြောင့် နတ်ရွာစံခဲ့ရတာမဟုတ်ဘဲ ဓမ္မတာအရ သက် တမ်းစေ့ သက်တမ်းကုန်လို့သာ မယ်တော် နတ်ရွာစံခဲ့တာဖြစ်ပါတယ်..
          ဖွားမြင်လာသောအလောင်းတော်ကို  ဗြဟ္မာကြီးလေးဦးတို့က ရွှေဇာကွန်ရက်၊ စာတုမဟာရာဇ်  နတ်မင်းကြီးလေးဦးတို့က သစ်နက်ရေ၊ လူတို့က ဘွဲ့ဖြူပုဆိုးတို့ဖြင့် အဆင့်ဆင့်ခံယူကြပြီး အလောင်းတော် သည် လူတို့လက်မှ ဆင်းသက်ကာ အရပ်ဆယ်မျက်နှာမှာ မိမိနှင့်တူသူ ရှိ မရှိ ကြည့်ရှုတော်မူပြီး မြောက်အရပ် သို့ ရှေ့ရှုကာ ခြေလှမ်း ခုနစ်လှမ်းလှမ်း၍ “ လောကမှာ ငါအမြတ်ဆုံး၊ အကြီးဆုံး၊ အချီးမွမ်းအပ်ဆုံး၊ ယခုပဋိသန္ဓေသည် နောက်ဆုံးပဋိသန္ဓေဖြစ်၍ ငါ့မှာ နောက်ဘ၀မရှိတော့ ” ဟု ရဲရဲတော် စကားကြီးငါးခွန်းကို ကြွေးကြော်ခဲ့ပါတယ်.. အလောင်းတော်သည် ပကတိမြေကြီးပေါ်မှာ ဖွားသည့်အတိုင်း အ၀တ်ဗလာ ကြွလှမ်း  သည်ကို မဟာဗြဟ္မာကြီးက ထီးဖြူမိုး၍ သုယာမနတ်မင်းက သားမြီးယပ်ကိုင်ဆောင်၍ နတ်များက မင်းမြှောက် တန်ဆာများကိုင်ဆောင်၍ လိုက်ပါခဲ့ပါတယ်.. လူတို့အမြင်မှာတော့ အလောင်းတော်ကို အ၀တ်အစားအပြည့်  အစုံဖြင့် ဆယ့်ခြောက်နှစ်သားအရွယ် ကောင်းကင်၌ ကြွလှမ်းသည်ကို ဖူးမြင်ရပါတယ်..
          လုမ္ဗိနီကို ယခုအခါ ရုမ္မဒေးဟုခေါ်၍ အိန္ဒိယမြောက်ပိုင်း နယ်စပ်မှ ခြောက်မိုင်အကွာရှိ နီပေါနိုင်ငံထဲမှာ  တည်ရှိပါတယ်..ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ အကျိုးဆောင်မှုကြောင့် စိမ်းစိုသာယာပြီး သန့်ရှင်းလှ  ပတဲ့ လုမ္ဗိနီ ဖြစ်နေပါပြီ.. ခရစ် 1896 မှာ ကျောက်စာဝန် မစ္စတာ ကန်နင်ဟမ်က လုမ္ဗိနီကို ရှာဖွေတွေ့ရှိခဲ့ပြီး  မယ်တော်မာယာသားဖွားမြင်ပုံရုပ်တုတွေ့ရှိရာ အုတ်တိုက်ရယ်၊ အမြင့် 13 ပေ 6 လက်မ၊ လုံးပတ် 7 ပေ 3 လက်မရှိတဲ့ အသောကကျောက်စာတိုင်ရယ်၊ရေပူရေအေး သုံးဆောင်ခဲ့တဲ့အထိမ်းအမှတ် ရေကန်ရယ်၊ အသော ကမင်း တည်ခဲ့တဲ့  ခြေခုနစ်လှမ်း လှမ်းခဲ့ရာစေတီ ခုနစ်ဆူအနက် လေးဆူကို ဖူးတွေ့နိုင်ပါသေးတယ်.. ပြီးတော့ ကပိလ၀တ်နန်းတော်ရာဟောင်း ၊ နိဂြောဓာရုံကျောင်းနဲ့ ရောဟိနီ မြစ်နေရာတွေကိုလည်း သမိုင်းမှာ အငြင်း ပွားဆဲဖြစ်နေသေးပေမယ့်  ရာဟုလာတို့ နန္ဒမင်းသားတို့ ကိုတော့ အောက်မေ့တသ သတိတရဖြစ်နေဦးမယ့် နေရာတွေပါပဲ..
B.C 588 May မှာ ဘုရားပွင့်ခဲ့တဲ့ ဗောဓိပင်ကို အသောကမင်းရဲ့မိဖုရားငယ် တိဿရက္ခာ ကစ်ခါ၊ သျီဝဘုရင် ဆာဆင်္ကာ က နှစ်ခါ၊ ခရစ် 1193 မှာ မွတ်စလင် စစ်ဗိုလ်ချုပ် မိုဟာမက်ဂိုရီက တစ်ခါဖျက်ဆီးခဲ့ပြီး ခရစ် 1876 မှာ လေမုန် တိုင်းကြောင့်လဲကျသွားတဲ့ဗောဓိပင်ရဲ့မျိုးဆက်ကို ဟိန္ဒူဘုန်းကြီး မဟန့်ဂီရိ (သို့) ကျောက်စာဝန် မစ္စတာ ကန် နင်ဟန်က လက်ရှိဗောဓိပင်ကို ပြန်လည်စိုက်ပျိုးထားတယ်လို့ဆိုပါတယ်..ဘာပဲဖြစ်ခဲ့စေဗောဓိပင်ပေါက်ရာမြေနေရာဟာဒီစကြ၀ဠာမှာပထမဆုံးပေါ်ထွန်းခဲ့တဲ့မြေနေရာ၊ပရိက္ခရာငါးစုံပါတဲ့ ကြာပင်ပေါက်ခဲ့တဲ့မြေနေရာ၊ဘုရားငါးဆူဗုဒ္ဓ္ဓ္ဓဖြစ်မယ့်မြေနေရာ၊မာန်းငါးပါးအောင်ရာဌာနဖြစ်တဲ့ဗောဓိပင်နဲ့ရွှေပလ္လင်ကို အလေးဂရုပြုတဲ့အနေနဲ့  ဘုရားရှင်ကိုယ်တိုင်မမှိတ်သောမျက်စိနဲ့  ခုနစ်ရက်လုံးလုံးမတ်မတ်ရပ် ကြည့်ရှုခဲ့ပြီး ဘုရားရှင်ရဲ့အသုံးအဆောင် ပရိဘောဂစေတီထိုက်တဲ့မြေနေရာပါ.. သာသနာကွယ်ချိန်ရောက်ရင် ရှိရှိသမျှဓာတ်တော်တွေဗောဓိပင်အောက်မှာစုဝေးပြီးနိမ္မိတရုပ်ပွားတော်အဖြစ်နောက်ဆုံးတရားဟောကြားကာ ဓာတုပရိနိဗ္ဗာန်စံဝင်မယ့်မြေနေရာပါ.. အဲဒီအချိန်မှာ ဒီနေရာဟာ လူသူမရောက်နိုင်တဲ့ဒေသဖြစ်နေလို့ လူသားများနာကြားခွင့်မရတော့ဘဲ နတ်ဗြဟ္မာများသား နားကြားခွင့်ရမယ့် တရားပွဲပါ..
          ပိဋကတ်စာပေနဲ့ယှဉ်ကြည့်ရင် လက်ရှိ မုဉ္စလိန္ဒာသတ္တာဟနေရာဟာနီးလွန်းနေပေမယ့် ရာဇာယတန သတ္တာဟနေရာကတော့ မြန်မာပြည်သားတွေအတွက် အားတက် ဂုဏ်ယူဖွယ်ကောင်းလှပါတယ်.. မြတ်ဗုဒ္ဓ္ဓ္ဓ  ကို ပထမဆုံး မုန့်ဆွမ်းကပ်ခွင့်ရတဲ့နေရာ၊ ပထမဆုံး ဒွေဝါစိကသရဏဂုံ(ဗုဒ္ဓ္ဓ္ဓဓမ္မ)ဆောက်တည်ခွင့်ရတဲ့နေရာ၊ပထမဆုံးဗုဒ္ဓ္ဓ္ဓဘာသာဝင်ပေါ်ထွန်းခဲ့တဲ့နေရာ၊ပထမဆုံးဓာတ်တော် ဆံတော်ရှစ်ဆူပူဇော်ခွင့်ရရှိခဲ့တဲ့နေရာဖြစ်ပါတယ်.တပုဿ နဲ့ ဘလ္လိက တို့ကို မြန်မာပြည်သားတွေ မဟုတ်ဘူးလို့ ဆိုစေဦးတော့ သူတို့ပင့်ဆောင်ခဲ့တဲ့ ဆံတော် တွေကတော့ မြန်မာပြည်မှာရှိနေတယ်ဆိုတာ ယနေ့ ကမ္ဘာ့အံချီးဖွယ် ရွှေတိဂုံစေတီတော်မြတ်က အထင်ကရ  သက်သေပါ.. 
          ဗောဓိပင်ရဲ့အရှေ့ဘက်မှာအသောကမင်းကောင်းမှုထီးတော်အပါအ၀င်ဉာဏ်တော်ပေ 180 ..  ဖိနပ်တော် 48 ပေ ရှိတဲ့ လေးထောင့်ပုံ မဟာ ဗောဓိစေတီတော်ကြီးကိုဖူးမြင်နိုင်ပါတယ်.. အသောကမင်းတည်ခဲ့သမျှ လေးထောင့်ပုံစံစေတီတော်ဟာ ဒီတစ် ဆူတည်းရှိလို့ အဲဒီအချိန်တုန်းက အသောကမင်းဟာ ဗုဒ္ဓဘာသာဖြစ်ပေမယ့် ဂျိန်းအငွေ့အသက်မကုန်သေးဘူး လို့ ပညာရှင်များမှတ်ချက်ချတာကိုလည်း မှုတ်သားဖူးပါတယ်.. ခရစ် 2 ရာစုမှာ မဂဓဘုရင်တစ်ပါးက လက်ရှိပုံစံ ဖြစ်အောင်ပြုပြင်ခဲ့ပြီး မြန်မာသက္ကရာဇ် ၁၂၃၉ မှာ မင်းတုန်းမင်းကြီးကထပ်မံပြုပြင်ခဲ့တယ်လို့ဆိုပါတယ်..စေတီရံ လေးဆူဟာ မင်းတုန်းမင်းရဲ့ကုသိုလ်လို့ သမိုင်းမှတ်တမ်းရှိပါတယ်..စေတီတော်အတွင်းမှာ ဂုတ္တခေတ်လက်ရာ  ဉာဏ်တော် 10 ပေခန့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုဖူးတွေ့နိုင်ပြီး ဘုရားရှင် ဗောဓိပင်အောက်မှာ သီတင်းသုံး စဉ်က ထိုင်တော်မူသွားတဲ့ အပရာဇိတပလ္လင်နေရာလည်းဖြစ်ပါတယ်.. ရုပ်ပွားတော်မြတ်ရဲ့ရှေ့နားလေးမှာ တွင်း ငယ်တစ်ခုရှိပြီး အရင်က ဟိန္ဒူတွေကိုးကွယ်တဲ့ သျှီဝလိင်ပုံကျောက်ရုပ်ကြီးရှိတဲ့နေရာဖြစ်ခဲ့ပြီး လွတ်လပ် ရေးရပြီးမှ ဗုဒ္ဓဘာသာနိုင်ငံများရဲ့တောင်းဆိုချက်အရ ဖယ်ရှားပေးခဲ့တဲ့နေရာဖြစ်ပါတယ်.. အထက်ပစ္စယံက ရုပ်ပွားတော်မြတ်ကိုတော့ တက်ရောက်ဖူးမျှော်ခွင့် ပိတ်ထားခဲ့တာ ကြာပါပြီ…
          ဥရုဝေလတောတန်းနဲ့ ဒုက္ကရစရိယစခန်းလှိုဏ်ဂူ၊ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာညောင်ပင်တန်းဟာ လွမ်းမောစရာကောင်းလှပေမယ့် ရွှေခွက်မျှောခဲ့ရာ နေရဉ္ဖ္ဗ္ဇရာကတော့ ကော ခဲ့ပါပြီ. အနာဂါရိက ဓမ္မပါလလက်ထက် အမှုဖြစ်တုန်းက သီပေါမင်းကိုယ်တိုင် ခမည်းတော်ဆောက်ထားတဲ့ဇရပ်ဖြစ်ကြောင်းအထောက်အထားခိုင်လုံစွာနဲ့အကောင်းဆုံးသက်သေလိုက်ခဲ့ပေမယ့် မဟန့်သာပိုင်စေလို့ဆုံးဖြတ်ခံခဲ့ရတဲ့ မင်းတုန်းဇရပ်ကြီးကတော့ သူတို့တွေရဲ့ နွားမွေး ဆိတ်မွေးရာဌာနဖြစ်ခဲ့ရပြီး ကောင်းမှုရှင် ကျောက်စာတိုက်နှစ်ခုကလည်း တောခြုံအုံကြား  ချောက်ကြား မြောင်းကြားရောက်သွားခဲ့ရပါပြီ.. ဒါတွေဟာလူမျိုးကွဲခြင်းက အခြေခံ အကြောင်းရင်းဖြစ်သလို  ဘာသာခြားခြင်းကလည်း အဓိက အရေးပါလှပါတယ်..
          ဗာရာဏသီမြို့နဲ့ 8 ကီကိုမီတာအဝေးမှာ မိဂဒါဝုန်တောရှိပြီး သီဟိုဠ်သား သူတော်စင် အနာဂါရိက ဓမ္မ ပါလ ရဲ့ အကျိုးဆောင်မှုကြောင့်  မိဂဒါဝုန်ဟာ ကျယ်ကျယ်ဝန်းဝန်းနဲ့သာသာယာယာရှိလှပါတယ်.. ဗုဒ္ဓဂါယာမှာ ဘုရားရတနာပေါ်ထွန်းခဲ့ပြီး မိဂဒါဝုန်မှာ တရားရတနာနဲ့သံဃာရတနာပေါ်ထွန်းခဲ့ပါတယ်.. အသောကမင်း တည်ထားကိုးကွယ်ခဲ့တယ်လို့ ယူဆရတဲ့ တရားဦး ဓမ္မစကြာဟောကြားရာ ဓမ္မရာဇိက စေတီကြီးကတော့ ခရစ် 1794 မှာ ဖြိုချခံခဲ့ရလို့ ဉာဏ်တော်သုံးပေလောက်သာကြွင်းကျန်ခဲ့ပေမယ့် အနတ္တလက္ခဏသုတ်ဟောကြားရာ ဓမ္မေခ စေတီတော်ကြီးကတော့ ဉာဏ်တော် 104 ပေအမြင့်နဲ့ ဖူးတွေ့နိုင်ပါသေးတယ်..
မိဂဒါဝုန်တောနေရာဟာ ပထမဆုံး နတ်ဗြဟ္မာတွေ ကုဋေနဲ့ချီပြီး တရားထူးရခဲ့တဲ့နေရာ..  အတိတ်ဘ၀တွေတုန်း က အရင်ဆုံး အစောဆုံး ပထမဆုံး ကုသိုလ်ကောင်းမှုတွေကို ပြုခဲ့ဖူးတဲ့ အရှင်ကောဏ္ဍည ပထမဆုံး တရားထူး ရခဲ့တဲ့နေရာဖြစ်လို့ လူသားတွေအနေနဲ့လည်း ပထမဆုံး တရားထူးရခဲ့တဲ့နေရာ.. အနတ္တလက္ခဏသုတ်ဟော ကြားအပြီးမှာ ပဉ္စ၀ဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်ခဲ့လို့ ရဟန္တာစတင်ပေါ်ထွန်းခဲ့တဲ့နေရာလည်းဖြစ်ပါတယ်.. ဘုရားရှင် မိဂဒါဝုန်မှာ တစ်ဝါဆိုစဉ်အတွင်း ယသသူဌေးသားနဲ့သူငယ်ချင်း 54 ယောက် ရဟန္တာတွေဖြစ်ခဲ့ကြပြီး မိသားစုဝင် တွေလည်း တရားထူးတွေ ရရှိတော်မူခဲ့ပါတယ်..          ၀ါက္ဈတ်တဲ့အခါ ရဟန္တာ အပါး 60 ကို သာသနာပြုခရီးစတင်လွှတ်ခဲ့လို့ မိဂဒါဝုန်တောနေရာဟာ သာသနာပြု ဗဟိုဌာနချုပ်နေရာလည်းဖြစ်ခဲ့ပါတယ်..  နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်ဟာ ဗာရာဏသီမှာ ဖွားမြင်မှာဖြစ်လို့ ဗာရာဏသီမြို့ဟာ အဲဒီအချိန်မှာ ကေတုမတီမြို့ဆိုတဲ့အမည်နဲ့ ဘုရားလောင်းဖွားမြင်ရာနေရာ နဲ့ တရားဦး ဓမ္မစကြာ ဟောကြားရာနေရာအဖြစ်  ပြန်လည်လှုပ်ရှား အသက်ဝင်နေဦးမှာပါ….
မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့ (B.C 543 May) မှာ ဘုရားရှင်ဟာ ကုသိနာရုံမှာ ပရိနိ ဗ္ဗာန်စံတော်မူခဲ့ပါတယ်.. ကုသိနာရုံဟာ ရှေးရှေးတုန်းက ကုသ၀တီနေပြည်တော်ကြီးဖြစ်ခဲ့ဖူးပြီး ဘုရားလောင်း ကလည်း စကြ၀တေးမင်း ၇ ကြိမ်ဖြစ်ခဲ့ဖူးပါတယ်.. ဒါ့ကြောင့်  ဘုရားရှင်အနေဖြင့် ကုသိနာရုံမှာ ခန္ဓာကိုယ်ချ ခြင်းသည် ၈ ကြိမ်မြောက်ဖြစ်ပြီး စကြ၀တေးမင်းစည်းစိမ်လည်း မမြဲကြောင်းကိုပြထားတဲ့ မဟာသုဒဿနသုတ် ကို ဟောကြားတော်မူလိုတာကြောင့်ရယ်..  နောက်ဆုံး သာဝက သုဘဒ္ဒ ကို တရားထူးရစေချင်တာကြောင့်ရယ်စံတော်မူပြီးလို့ ကြွင်းကျန်ရစ်တဲ့ သရီရ ဓာတ်တော်တွေကို ဒေါဏပုဏ္ဏားက ငြိမ်းချမ်းစွာ ခွဲဝေပေးနိုင်ကြောင်း မြင်တော်မူတာရယ်ကြောင့် ကုသိနာရုံမှာ စံတော်မူခြင်းဖြစ်ပါတယ်.. မြောက်အရပ်သို့ ဦးခေါင်းပြု၍စံတော်မူခြင်းမှာ လာရောက်ဖူးမျှော်သူပရိသတ်များအတွက် မြောက်အရပ်သို့ ဦးခေါင်းပြု၍ ဖူးမျှော်အပုဇော်ခံခြင်းငှာ သင့်လျော် လျောက်ပတ်သောကြောင့်သာ ဖြစ်တယ်လို့ စာပေ ဆိုပါတယ်..
          ကုသိနာရုံမှာ ရေကြည်တော်သုံးရာဌာနရယ် မဟာပရိနိဗ္ဗာနစေတီရယ်.. တေဇောဓာတ်လောင်ကျွမ်း ရာ အင်္ဂါရစေတီရယ်ကို ဖူးမျှော်နိုင်ပါတယ်.. မဟာပရိနိဗ္ဗာနစေတီတော်ကြီးရဲ့ မူလဒါယကာကို မသိရှိရသေးပေမယ့် လျောင်းတော်မူရုပ်ပွားတော်မြတ်ကိုတော့ အေဒီ ၅ ရာစုမှာ မထုရာမြို့မှ ဗိသုကာ ဒိန က ထုလုပ်ခဲ့ပြီး ဟရိဗလ ဆွာမိ က လှူဒါန်းခဲ့ကြောင်းဆိုပါတယ်..ခရစ် 1833 မှာ ရှာဖွေတွေ့ရှိခဲ့ပြီး ပေ 20 လောက်ရှိမယ်လို့ ခန့်မှန်းမိပါ တယ်…
          ဖွား ပွင့် ဟော စံ ဆိုတာ သံဝေဇနိယလေးဌာနဖြစ်ပြီး  ပွင့်  ဟော မြဲနေ ဆင်းနတ်ပြည်  ဆိုတာကတော့ဘုရားရှင်တိုင်း မစွန့်တဲ့ အ၀ိဇဟိတ လေးဌာနပါ ..သာဝတ္ထိမြို့ ဇေတ၀န်ကျောင်း ဂန္ဓကုဋိ တိုက် ထဲက ဘုရားရှင်ကျိန်းစက်ရာ ကုတင်ခြေလေးချောင်းနေရာဟာ အ၀ိဇဟိတဌာနတစ်ခုပါ..ဇေတ၀န် အ၀င်မှာ အာနန္ဒာ ဗောဓိကို ဖူးတွေ့နိုင်ပါတယ်.. သစ်ပင်တစ်ပင်ဟာ နှစ် 2500 ကျော်အသက်ရှည်နိုင်ပါ့မလားဆိုတဲ့ ဒကာတစ် ယောက်ရဲ့အမေးကို လောကနိယာမ နဲ့ ဓမ္မနိယာမ ကိုမနှိုင်းယှဉ်အပ်ကြောင်း.. တချို့ကိစ္စတွေမှာ ယုံကြည်မှု မယုံကြည်မှုတွေကြောင့် ကုသိုလ်ရတာရှိသလို မရတာလည်းရှိကြောင်း .. ကုသိုလ်မရတာ ကိစ္စမရှိပေမယ့်  အကုသိုလ်ရသွားရင်တော့ ကိစ္စရှိသွားပြီးဖြစ်ကြောင်း  အာနန္ဒာဗောဓိအောက်မှာ နိယာမတရားငါးပါးအကြောင်း
နည်းနည်းပြောဖြစ်ခဲ့ပါသေးရဲ့…
          ဘုရားရှင်ဟာ အနာထပိဏ်ရဲ့ဇေတ၀န်မှာ ၁၉ ၀ါ၊ ၀ိသာခါ ရဲ့ပုဗ္ဗာရုံ မှာ ၆ ၀ါ နဲ့ သာဝတ္တိမှာ၂၅ ၀ါ သီတင်သုံးခဲ့ပါတယ်.. ဇေတ၀န်ကို သွားရောက်ဖူးမျှော်နိုင်ပေမယ့် ပုဗ္ဗာရုံကတော့ အစိရ၀တီမြစ်အောက်ရောက် သွားသလိုလို ဟိုနားလိုလို ဒီနားလိုလို အဆင့်မှာပဲရှိပါသေးတယ်.. ဒါပေမယ့် ထိုင်း ဒေါက်တာ သီလရှင် ရဲ့ ခေတ်သစ်ဝိသာခါကျောင်းတိုက်ကတော့ နာမည်နဲ့လိုက်ပါပေရဲ့… သာဝတ္ထိမှာ ဒေ၀ဒတ် နဲ့ စိဉ္စမာနတို့ မြေမျိုတာ သူ့ထိုက်နဲ့သူ့ကံမို့ ၀မ်းနည်းစရာမကောင်းလှပေမယ့်  ဘုရားရှင်နဲ့သက်တူရွယ်တူ ကောသလမင်း ကြီး ဘာတရားထူးမှရမသွားတာကတော့ ၀မ်းနည်းစရာကောင်းလှပါတယ်.. ဒါကလည်း ပါရမီနည်းခဲ့တဲ့ သူ့ထိုက်နဲ့သူ့ကံပါပဲလေ.. ဗိမ္ဗိသာရတို့များ ဘုရားလောင်းဘ၀ကတည်းက ရိုရိုကျိုးကျိုးလေးလေးစားစားနဲ့ သူ တော်ကောင်းမှန်းအကဲခပ်တတ်ခဲ့တယ်.. ဒါတောင် ဘုရားလောင်းထက် ၅ နှစ်ငယ်ပါတယ်.. ကောသလတို့ များ ဘုရားရှင်အစစ်ကြီးနဲ့တွေ့နေတာတောင် ဘုရားဟုတ်မှဟုတ်ရဲ့လား လုပ်သေးတာကိုး…
          မြတ်ဗုဒ္ဓ ငါးဝါအရမှာ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးဟာ ထီးဖြူအောက်မှာပဲ လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ကာ သက်တော် ၉၀ ကျော်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်.. ဘုရားရှင် ၇  ၀ါအရမှာ ပုထုဇဉ်အဖြစ်နဲ့ သာရှိနေသေးတဲ့မယ်တော်နတ်သားကို တာဝတိံသာနတ်ပြည်မှာ ၀ါတွင်းသုံးလလုံး အဘိဓမ္မာတရားဟောကြား ကာ သောတာပန်တည်စေပြီး သီတင်းကျွတ်လပြည့်နေ့မှာ  အရှင်သာရိပုတ္တရာ သီတင်းသုံးနေတဲ့သင်္ကဿနဂိုရ်မြို့ကိုကြီးကျယ်ခမ်းနားစွာနဲ့ပြန်လည်ဆင်းသက်လာတဲ့အခါမှာဘုရားအသရေတော်ဟာတင့်တယ်လွန်းလို့ ဘု ရားဆု မပန်သူမရှိဘူးလို့ဆိုပါတယ်.. နတ်တွေကိုမြင်ရတဲ့ထိုပွဲမှာ ဘုရားရှင်ညာခြေတော်ချခဲ့နေရာကို အသော ကဘုရင်က အစလစေတီတည်ထားခဲ့ပေမယ့် အခုတော့တောင်ကုန်းအဖြစ်ပဲကျန်ရှိပါတော့တယ်.. ဘေးနားမှာအသောကကျောက်တိုင်ကိုတွေ့မြင်နိုင်ပါတယ်..နောက်ပြီးအရှင်သာရိပုတ္တရာကျောင်းတော်ရာနေရာကိုခပ် လှမ်းလှမ်းမှာတွေ့မြင်နိုင်ပြီး တူးဖော်ခြင်းမပြုရသေးပါဘူး..
          အသောကမင်းရဲ့ပါဋလိပုတ်… လိစ္ဆ၀ီတို့ရဲ့ဝေသာလီတို့ကို လွမ်းမောစွာပြန်လည်မြင်တွေ့နိုင်သလို ပေး၍မကုန် လှူ၍မခန်း တဲ့ အမိတဘောဂသူဌေးကြီးများပေါ်ထွန်းရာ ရာဇဂြိုလ်ကလည်း တောင်ငါးလုံးအောက် မှာ လေ့လာကြည့်ရှုစရာတွေတပုံတပင်နဲ့သက်ဝင်လှပနေဆဲပါ.. ခရစ် 427 မှာ စတင်ပေါ်ထွန်းခဲ့ပြီး 1197 မှာ မွတ်ဆလင်တို့လက်ချက်နဲ့ပျက်စီးခဲ့ရတဲ့ အရှင်နာဂဇုနတည်ထောင်ခဲ့တဲ့ကမ္ဘာ့အစောဆုံးတက္ကသိုလ်နာလန္ဒာကိုလည်းသမိုင်းရုပ်ကြွင်းအဖြစ်တွေ့မြင်နိုင်ပြီး ဒီနယ်သားတွေဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်တို့ကို တသ သ သတိရစေမယ့်နေရာတွေပါ.. ရာဇဂြိုလ်မြို့မှာပထမဆုံးကျောင်းဖြစ်တဲ့ဝေဠုဝန်ကျောင်းတော်ပေါ်ထွန်းခဲ့ပြီးပထမဆုံးသင်္ဂါယနာတင်ရာသတ္တပဏ္ဏိလှိုဏ်ဂူကိုလည်းတွေ့မြင်နိုင်ပါတယ်..ဗိမ္ဗိသာရ.. ဇီဝက.. အဇာတသတ် နဲ့ ဒေ၀ဒတ်တို့ကိုလည်း ၀မ်းသာဝမ်းနည်း ပြန်လည်သတိရစေမယ့်နေရာတွေဖြစ်ပါတယ်..ဒေ၀ဒတ်တို့အဇာတသတ်တို့ ဘယ်လိုပင်ဆိုးခဲ့သည်ဆိုစေဦး သူတို့တွေက တစ်ချိန်မှာ ပစ္စေကဗုဒ္ဓတွေအဖြစ်နဲ့ကျိန်းသေကျွတ် တမ်းဝင်မယ့်ပုဂ္ဂိုလ်တွေပါ.. သူတို့ကို လူဆိုးကြီးတွေအဖြစ်ရှုမြင်နေကြတဲ့ငါတို့ကတော့ ဘယ်တော့များမှာမှ ကျွတ်တမ်းဝင်ကြမှာလဲလို့ ကိုယ့်ကိုယ်ကိုပြန်မေးရင်း သံဝေဂရနေပါတော့တယ်……


26.11.10

မဂဓကျောင်းသား

နေကလည်းပူ   ကုလားကလည်းဆူ
မိုးကလည်းမရွာ  ကုလားကလည်းကြာ
ရေကလည်းမလာ  ကုလားကလည်းညာ
မီးကလည်းပျက်   ကုလားကလည်းခက်နဲ့
စိတ်ပျက်လက်ပျက်  အအိပ်ပျက် အစားပျက်
အသက်ဆက်နေရတဲ့   မဂဓကျောင်းသား .....

စက်ဘီးစီးအရင်သင်
ဒီလိုဝင် ဒီလိုထွက်   ဒီလိုပြော ဒီလိုဆို
ဒီလိုအော် ဒီလိုဟစ်   ဒီလိုဆစ် ဒီလိုဝယ်
ဒီလိုကြော် ဒီလိုချက်  ဒီလိုဖြစ် ဒီလိုရှင်း
အချင်းချင်းပို့ချတဲ့  မဟာအဋ္ဌာရသတွေနဲ့
ဘ၀ကို စ ရ တဲ့  မဂဓကျောင်းသား .....

အနိစ္စ အနတ္တလည်းမြင်   ဒုက္ခသစ္စာလည်းသိ
သတိတရားလက်ကိုင်ထား   ခန္တီ မေတ္တာ များများပွားကာ
ဗောဓိပင်အောက်သွားသွားပြီး   အနေကဇာလည်းတင်
ပဋ္ဌာန်းတွေလည်းရွတ်  ညောင်ရွက်တွေလည်းကောက်
စက်ဘီးပျောက်မှာကလည်းစိုးနဲ့  တရားလည်းရ
တရားလည်းကျပါတဲ့ မဂဓကျောင်းသား......

အမေ့လည်းလွမ်း  အဖေ့လည်းလွမ်း
ဆရာလည်းလွမ်း  ရွာလည်းလွမ်း
ကွမ်းယာလည်းလွမ်း  လက်ဖက်လည်းလွမ်း
အသိလည်းလွမ်း  ငါးပိလည်းလွမ်း
ငါးခြောက်လည်းလွမ်း ပုဇွန်ခြောက်လည်းလွမ်း
တလွမ်းတည်းလွမ်းနေရတဲ့   မဂဓကျောင်းသား .....

တစ်ပတ်ခြောက်ရက်  အသီးအရွက်နဲ့
တစ်ပတ်တစ်ရက် အသားတစ်ခွက်နဲ့
မငတ်ခြောက်လ  ငတ်ခြောက်လနဲ့
မနက်ဆိုကျောင်းတက်လိုက်  ညဆိုသင်တန်းတက်လိုက်
ဟမ်းဖုန်းလေးဆက်လိုက်  အင်တာနက်လေးချက်လိုက်
စာလေးကျက်လိုက်နဲ့  မြန်မာပြည်ပြန်မယ့်ရက် 
လက်ချိုးရေတွက်နေရတဲ့  မဂဓကျောင်းသား ......
                                                                               Ven - စိတ္တ  ( 10 . 6 . 2010 )

ပုထုဇဉ်

ကိုယ်ထင်ရာကိုယ်လုပ်  ကိုယ်လုပ်တာကိုယ်မှန်

ကိုယ့်ကံကိုယ်ထမ်း    ကိုယ့်လမ်းကိုယ်လျှောက်

ကိုယ့်ပုံကိုယ်ရေး    ကိုယ့်ဆေးကိုယ်ချယ်

ကယ်ပါ ယူပါ တစာစာ နဲ့    အရပ်ကူပါ လူဝိုင်းပါ နဲ့

ငါမပါ မပြီး ငါချည်းပဲလည်း မပြီး

ငါဘုန်းကြီး ငါသီလရှင် ငါဘုရင် ငါမိဖုရား

ငါယောက်ျား ငါးမိန်းမ ငါလူကြီး ငါလူငယ်

ငါသူကြွယ် ငါစတား  ကျား ကျား မီးယပ်သမားတွေ

သူတောင်းစားတောင်မှ နတ်သမီး အိပ်မက် မက်ခွင့်ရှိသတဲ့

ဘာမှ မရှိတာတောင်မှ သတိရခြင်းကို ပိုင်ဆိုင်သတဲ့

ဖြစ်နေလိုက်ကြပုံများ လူမျိုးစုံ နိုင်ငံစုံ

နေရာစုံ ဒေသစုံ စိတ်ကုန်လိုက်ပုံများ

ကိုယ့်ကိုယ်ကို ပြန်ပြန် မျိုမျိုချနေရ

ကိုယ်ကလည်း ပုထုဇဉ်ကိုးး…..

     Ven စိတ္တ (1.10.10)

ကိုင်တိုင်ရေးပုံတူ

                  သူ့ကို ၁၃၃၇ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၃ ရက် (22.10.75) ဗုဒ္ဓဟူးနေ့ မနက်စောစောမှာ
မွေးတယ် .. မကွေးတိုင်း ဆင်ပေါင်ဝဲမြို့နယ် မကျည်းစမ်းကျေးရွာဆိုတာ သူ့ဇာတိပေါ့ .. သူက ဦးစံဖုန်း + ဒေါ်တင်ကြည်တို့ရဲ့ အကြီးဆုံး သားကြီး သြရသပါ .. သူ လူမှန်းသိတတ်စ အချိန် သူ့အိမ်မှာ အဘွားရယ် အဖေရယ် အရီး (အဖေ့အမ )ရယ်နဲ့ အမေရယ် သူ့မိသားစုက ဒါပါပဲ .. အဖေ့မှာ ၀မ်းကွဲအမသုံးယောက် ရှိတာ နှစ်ယောက်က အပျိုကြီးတွေ.. သူတို့က ရွာမှာ အချမ်းသာဆုံးအိမ်ပဲ .. သူ ငယ်ငယ်က လည်ခဲ့ရတဲ့ တစ်အိမ်တည်းသော စားအိမ် သောက်အိမ်ပေါ့ .. သူ့ငယ်ဘ၀မှာ အဘွားက အဓိက အကျဆုံးပဲ .. ဦးဘိုစိန် နဲ့ ဒေါ်သိန်းရင် ဆိုတာ သူ့ရဲ့ အဖေဘက်က အဖိုး နဲ့ အဘွားပါ.. ဦးဘိုစိန်ဟာ တောင်သူဆိုပေမယ့် လက်သမား ပညာလည်းတတ်တယ် .. ခု သူ့ကိုမွေးတဲ့အိမ်ဟာ ဦးဘိုစိန်ကိုယ်တိုင်ဆောက်ထားတဲ့ အိမ်ပဲ.. အလံနီ အလံဖြူ ခေတ်ပျက်ထဲမှာ ဦးဘိုစိန်ဟာ ရွာမှာ ခေါင်းဆောင် ဆိုပဲ..   ငှက်ကြီးတောင်ဓားတ၀င့်ဝင့်နဲ့ တော်တော်လည်း သတ္တိကောင်းခဲ့တယ်လို့သိရတယ်..သူ့အဖေလူပျိုပေါက် ဖြစ်စအရွယ်မှာပဲ သူ့အဖိုး ဦးဘိုစိန်ဟာ ငှက်ဖျားလို့ထင်ရတဲ့ ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်… အဖေ နဲ့ အမ (သူက အမေကိုအမလို့ ခေါ်တယ်) အိမ်ထောင်ကျပြီးစမှာပဲ ဇာတ်လမ်းက စ ခဲ့တယ် .. ကွယ် လွန်သူ အဖိုးဦးဘိုစိန် က ကျန်ရစ်သူ အဖွားဒေါ်သိန်းရင်ကို ” မသိန်းရင်ရေ ညည်းတို့ကို စိတ်မချလို့ ငါပြန်လာ ခဲ့မယ်”လို့ အိမ်မက်ပေးသတဲ့.. အဲဒီမှာ သူ့အဖွားနဲ့ သူ့အမေ အဆင်ပြေတော့တာပဲ.. သူ့ကို ကိုယ်ဝန်ရလာတော့ အဖွားက သမီး သမီး နဲ့ တယ်ဂရုစိုက်ဆိုပဲ .. နဂိုက ဒီလိုဘယ်ဟုတ်မလဲ.. သားနဲ့ရလို့သာ ချွေးမတော်ရတာ သိပ်ဟက်ဟက်ပက်ပက် ရှိလှတာ မဟုတ်ဘူး.. အမေ့ခမျာ အဖွားမျက်နှာကြည့်နေရတာကလား .. အဖွားမှ မဟုတ်ပါဘူး အဖေ့အမတော်တွေကလည်း အမေ့ကို ရွှေယောင်းမလို့မထင်ကြဘူး သူတို့မောင်အငယ်ဆုံးလေး ကိုပြောမရ  လို့သာ တဲ့..  သူ့အမေက ဆွေကြီးမျိုးကြီးထဲကပါ .. ပိုက်ဆံတော့ အဖေတို့လောက် မရှိရှာဘူးပေါ့  အမေက စနေသမီးပီပီ ထက်ပါတယ်.. ဒါပေမယ့် ယောက္ခမအိမ်ပေါ်တက်နေရတဲ့ ချွေးမဆိုတော့ မျက်နှာခပ် ငယ်ငယ် ပေါ့.. ဒီလိုနဲ့ သူ လူ့လောကထဲရောက်လာပါတော့တယ်.. သူသိသလောက်ဆိုရင် သူဟာ မီးတွင်းထဲတုန်းက ရက်ပိုင်း လောက်ပဲ အမေ့ရင်ခွင်ထဲနေခဲ့ရဖူးတယ် .. အပြင်ရောက်တာနဲ့ သူဟာ အဖွားနဲ့နေ အဖွားနဲ့အိပ် အဖွားနဲ့စား ဖြစ်သွားတော့တာပဲ.. သူ့ငိုသံကြားမှ အမေဟာ နို့လာလာတိုက်ရရှာတယ်.. ပြီးရင် သူ့ကို အဖွားနဲ့ထားခဲ့ပေ ရော့ပဲ.. သူ့တစ်သက်ရွာမှာ ၁၀ နှစ်ကျော်ကျော်နေလာတာ ညတိုင်း အဖွားနဲ့ အတူတူ အိပ်ခဲ့ရတာချည်းပဲ .. ဒါ့ကြောင့်သူကလည်း ထစ်ကနဲဆို အဖွားကိုပဲ တ တတ်တယ်.. ” အမေကြီးရေ” ဆိုတာ သူ့လက်သုံးစကားပေါ့ အဖွားကလည်း သူ့အတွက်ဆို ရွာဦးကျောင်းဆရာတော်နဲ့ရော.. သူကြီးနဲ့ရော..  ကျောင်းဆရာနဲ့ရော.. ဘယ်သူ နဲ့မဆို ရန်ဖြစ်ရဲတယ်.. ဖြစ်လည်းဖြစ်ခဲ့တာပဲ .. ဘာဖြစ်ဖြစ် သူ့မြေးအမှန်ပဲ.. အော်ဖို့ ငေါက်ဖို့ ရိုက်ဖို့ ပုတ်ဖို့ ဝေလာဝေးပေါ့.. ညဖက် အိပ်ရာဝင်မှသာ အကျိုးအကြောင်း ကို  လေအေးလေးနဲ့ပြောပြောပြီး ဆုံးမတာ.. ရွာမှာနေခဲ့ရတဲ့ သူ့ငယ်ဘ၀ ၁၀ နှစ်သက်တမ်းဟာ ရွှေမှုန်ကြဲတဲ့ ပန်းခင်းလမ်းပဲ.. ကလေးရှားတဲ့ မိသားစုထဲမှာ လူဖြစ်လာရတဲ့သူဆိုတော့ ကိုယ့်အိမ်ကလည်း ဖူးဖူးမှုတ်.. အဒေါ်တွေ အိမ်ကလည်း ရွှေပေါ်မြတင် ထား နဲ့ အဒေါ်တွေငွေအားနဲ့ တစ်ရွာလုံး အော့ကြောလန်ဆိုပါတော့.. ၅ နှစ်သားရောက်လို့ သူ့ကို စာသင်ကျောင်း ပို့တဲ့အခါ အမေကြီးပါမှ သွားမယ်ဆိုလို့ သူ့အဖွားဟာ မူလတန်းကျောင်းကို လိုက်ခဲ့ရရှာတယ်.. ကျောင်းပေါ် မှာက ဆူလွန်းတော့ ကျောင်းဘေးနားက တမာပင်အောက်မှာ ထိုင်ပြီး စောင့်နေရတယ်.. သူကလည်း ပါးစပ် ကသာ ကကြီး ခခွေးအော်နေတာ ပြတင်းပေါက်ကနေ သူ့အမေကြီးကို ခဏခဏ ထ ထ ကြည့်တယ်.. သူ ကြည့်ပြီဆိုရင် အမေကြီးက တမာပင်အောက်ကနေ ထထရပ်ရပ်ပြနေရတာနဲ့ ကောင်းကောင်းကိုမထိုင်ရရှာဘူး ငယ်ငယ်ကအကြောင်းတွေကို သူတော်တော်မှတ်မိတယ်.. မမှတ်မိတာ တစ်ခုကတော့ အိမ်မှာ စစ်ဗိုလ်တွေ ဆောင်းတဲ့ ဦးထုပ်အဖြူကြီးတစ်လုံး သူတော်တော်ကြီးတဲ့အထိရှိသေးတယ်.. သူ လေးနှစ်သားလောက်က ဆင်ပေါင်ဝဲ ဘုရားငါးဆူပွဲကို မိဘတွေနဲ့သွားတော့ အဲဒီဦးထုပ်ကို သူက အတော်လေး ငိုကြီးချက်မနဲ့ ချော့မရ ခြောက်မရလောက်အောင်ပူဆာလွန်းလို့ ၀ယ်ပေးခဲ့ရသတဲ့.. သူကတော့ ရေးတေးတေးလေးပဲ မှတ်မိသလိုရှိ တယ်.. ပြန်ပြောပြတဲ့ အမေက တဗြစ်တောက်တောက်.. သုံးမရတဲ့ဟာကြီးကို ဈေးကြီးပေးဝယ်ခဲ့ရတာ နှမြော လွန်းလို့တဲ့.. သူလည်းခုမှ ကိုယ့်ကိုယ်ကို ပြန်အံ့သြမိတယ်.. ဟုတ်ပါ့ ငါ ဒါကြီးကို ဘယ့်နှယ့်များလိုချင်ခဲ့ပါ လိမ့်ပေါ့.. အဲဒီတုန်းကသာ သူက လိုချင်တာ.. နောက်ပိုင်း ကိုင်တောင်မကြည့်ဘူးဆိုကိုး.. သူ သုံးနှစ်သား လောက်က ဓာတ်ပုံရယ်.. ခှုနှစ်နှစ်သားရှင်ပြုတဲ့ဓာတ်ပုံရယ် အိမ်မှာရှိတယ်.. သူများပြောလို့သာ သူ့ပုံလို့  ယုံရတာ..ခုများနဲ့တော့ တခြားစီပေါ့ ..သူကငယ်ငယ်တုန်းကတကယ့်ကိုချစ်စရာလေးပဲ .. ဖြူဖြူ ဖွေးဖွေး ၀၀ တုတ်တုတ် ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ့ကလေးလေးပဲ.. ခု ပြန်ကြည့်တော့ ကိုယ့်ပုံလို့တောင် ကိုယ် မထင်မိဘူး.. နောက်ပြီး သူငယ်ငယ်က စကားတတ်ကြောင်းကိုလည်း ပြန်ပြန်ပြောပြကြတယ်.. ဘယ်တုန်းက ဘယ်သူ့ကို ဘယ်လိုပြောလိုက်တာစသည်ပေါ့.. သူလည်း တချို့တလေမှတ်မိပါသေးရဲ့.. တစ်ခါသား ဘေးနား က ရွာက အဖွားမိတ်ဆွေဘကြီးတစ်ယောက် အိမ်ရောက်လာတော့ အဖွားက မောင်ကြွက်ရဲ့ မောင်ကြွက်ရဲ့နဲ့ ခေါ်ခေါ်ပြီးစကားပြောတာကို သူကကြားတဲ့အခါ အဲဒီ ဘကြီးနားသွားပြီး ခင်ညာ့နံမယ် ဘယ်လိုခေါ်တုန်းဗျ နဲ့ လုပ်ကရောတဲ့.. အဲဒီ ဘကြီးကလည်း ရီရီပြုံးပြုံးနဲ့ပဲ ဆိုပါစို့ ငါ့နာမည် ဦးဘ ကွလို့ ပြန်ဖြေတော့ သူက ဟုတ်ပါဘူးဗျ ခညာ့နံမယ် ဦးဘ ဟုတ်ပါဘူး ပြောစမ်းပါ ဘယ်လိုခေါ်တုန်း ဆက်လုပ်နေလို့ အနားက အရီးက သူ့ကိုအတင်းချီပြီး အိမ်ပေါ်က ဆင်းခဲ့ရတဲ့.. သူ့ငယ်ဘ၀မှာ ဒါမျိုးတွေ ခဏခဏပဲ.. သူနည်းနည်းကြီးလာတော့ လူကြီးတွေက အိမ်ပေါ် ရေတင်ခိုင်း ထင်းတင်ခိုင်းရင် သူက လုပ်ချင်မှလုပ်တယ်.. မလုပ်ရင် ထမင်းမစားနဲ့လို့ လူကြီးတွေကပြောတော့ ခင်းဗျားတို့ မွေးထားပြီးမှတော့ ကျွေးရမှာပဲံ မကျွေးချင်ရင် အစကတည်းက မမွေးနဲ့ပေါ့ လို့ သူက ပြန်ပြောသတဲ့ .. ခုများတော့သူက စကားမတတ်ရုံမက သိပ်တောင် စကားပြောတဲ့သူ မဟုတ်တော့ ပါဘူးလေ ....    မနက် ကျောင်းသွားရင် အိမ်ကမုန့်ကိုယူု..ပြီးရင်အဒေါ်တွေအိမ်ကိုဝင်..ဈေးရောင်းတဲ့အိမ်ဆိုတော့သူ့အတွက် ပွဲတော်ပဲ .. ကြိုက်တာနှိုက်.. ဒီလောက်နဲ့မပြီးသေးဘဲ မီးဖိုထဲက အမကြီးကို သူက၀င်မှာသေး တာ.. ဆွမ်းတော်တင်ရင် သူကြိုက်တဲ့မုန့်ကိုများများလေးထည့်တင်ဖို့  ၁၀ နာရီ ကျောင်းဆင်းရင် သူကလာစွန့်ပြီး ပွဲတော်တည်နေကျ ကိုး .. အဖေ့အမ၀မ်းကွဲသုံးယောက်ထဲမှာ အကြီးဆုံးအမကြီးက အိမ်ထောင်ကျပြီး သားသမီး သုံးယောက်ရှိ တယ်...  သမီး နှစ်ယောက် သား တစ်ယောက် .. သားအလတ်က ဘုန်းကြီးဖြစ်နေပြီ.. အကြီးသမီးအမကြီးက ဆို  သူ့ကို သိပ်ချစ်တယ် .. ခဏခဏ ခိုးခိုးကျွေးတယ်.. သူကလည်းစားရသလောက် ငတ်ကြီးကျတယ်.. ခုထက်ထိ သူရွာပြန်ရင် အမကြီးက ဒိုင်ခံ ချက်ကျွေးနေတုန်းပဲ.. သူ ခုနှစ်နှစ်သားမှာ သူ့အဖွားဟာ အတော် မမာမကျန်းဖြစ်ခဲ့တယ်..   ဒီတော့ သူတို့ ညီအကို နှစ်ယောက်ကို ရှင်ပြုဖို့ စီစဉ်ရတယ်..    ဆိုင်းနဲ့ဝိုင်းနဲ့ တော်တော်လေးကြီးကျယ်တဲ့အလှူကို အဖေ က သူ့အမေအတွက်လှူ ပေးခဲ့တယ်.. ကတုံးလေးနဲ့ ကိုရင်လေးကိုမြင်ရတော့ အဖွားဟာ တဖြည်းဖြည်း ပြန်သက်သာလာခဲ့ပြန်တယ်.. အဲဒီတုန်းက သူ့အတွက် တော့ ပြဿနာတစ်ခုဖြစ်ခဲ့သေးတယ်.. သူတို့နယ်ထုံးစံအရ ခဏ၀တ်တဲ့ကိုရင်တွေ ကို ဘွဲ့အမည်မှည့် ပေးလေ့မရှိဘူး .. ၀ါဆိုမှ အမြဲဝတ်မှ ဆရာဘုန်းတော်ကြီးတွေက ဘွဲ့ပေးလေ့ရှိတယ်.. ဒါကို ခုနှစ်နှစ်သား ချွတ်တား ကိုရင်ပေါက်စလေးသူက ဘွဲ့ပေးဖို့ ဘုန်းတော်ကြီးကို အရေးဆိုတယ်ဆိုပဲ.. သူ့အကို ဘုန်းကြီးက ၂ နှစ် တစ်ခါလောက်တော့ ရွာပြန်လာလေ့ရှိတယ်.. သူကတော့ နှစ်ခါလောက်ပဲမှတ်မိ တယ်.. သူ ၈ နှစ်သား  လောက်မှာ တစ်နေ့သား ကစားရာကအပြန် ညစ်တီးညစ်ပတ် နှပ်ချေးတွဲလောင်းနဲ့ အဒေါ်တွေအိမ်ပေါ် တက်သွားတော့ လူတွေကလည်းအများကြီး ခေါင်းရင်းမှာလည်းဘုန်းကြီးတစ်ပါးကို သူ တွေ့တယ်.. ဘုန်းကြီးရှေ့ က  စားပွဲပေါ်မှာလည်း ကြက်ကြော် အမဲကြော် စတဲ့ သူ့အကြိုက်စားစရာတွေကလည်း အုပ်ကြီး အုပ်ငယ် အသွယ်သွယ်နဲ့ပေါ့ .. သူ အဖွားနားသွားထိုင်တော့ သူဘယ်သူမှန်းသိသွားတဲ့ဘုန်းကြီးက သူ့နားလာဖို့ခေါ်တော့ ရုတ်တရက် သူမသွားရဲသေးဘူး.. ဘေးလူတွေက အတင်းသွားခိုင်းတော့မှ သူ ဘုန်းကြီး နားသွားတယ်.. မင်းဘာစားချင်သလဲလို့ဘုန်းကြီးကမေးတာကို သူက အကုန်လက်ညိုးထိုးပြသတဲ့ .. ဒီနေရာမှာ ဒွေးကျင်အကြောင်းကို ပြောဖို့လိုလာပြီ.. ဒွေးကျင်ဆိုတာ အဖေ့ဝမ်းကွဲအမ အငယ်ဆုံးအပျိုကြီးပဲ နာမည်အရင်းက မမြကျင်ဆိုပေမယ့် သူ့ကို တရွာလုံးက ဒွေးကျင်လို့ပဲခေါ်တယ်.. သူက ၇ တန်းအောင်တယ် သူတို့ခေတ်က ၇ တန်းအောင်ဆိုတာ ကျောင်းဆရာမ တန်းလုပ်လို့ရတဲ့ခေတ်ပဲ.. ပိန်ပိန်ပါးပါးနဲ့ထက်ထက် မြက်မြက်ရှိမယ့်ရုပ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာတယ်..အသံကလည်း မာမာအေးကို ကောင်းကောင်း ယှဉ်နိုင် တာပေါ့.. ကိုယ့်အဒေါ်မို့လို့ ကောင်းကောင်းယှဉ်နိုင်တယ်လောက်ပဲပြောတာ ဘေးလူဆိုရင် မာမာအေးထက် သာတယ်လို့ကို ပြောချင်တယ်.. ဦးနှောက်ကလည်း ဘာကောင်းသလဲမမေးနဲ့ .. တူမ အငယ်ဆုံးက ကိုယ်တိုင် ဈေးရောင်းပြီး ညဖက်အကြွေးစာရင်းတွေရှင်းတဲ့အခါ စာအုပ်ကြီးရှေ့ချပြီး အီး အဲ နဲ့ ဖြစ်နေရင် ဒွေးကျင်က အိပ်ရာထဲကနေ ၀င်ရှင်းပေးရတယ်.. ဘယ်နေ့တုန်းက ဘယ်သူ ဘာလာဝယ်တာ ဘယ်လောက်ဖိုး စသည်ဖြင့် အကုန်အသေးစိတ်မှတ်မိတယ်..ဒွေးကျင်နဲ့ငြင်းရင် သူ့ကိုဘယ်သူမှ မနိုင်ဘူး .. အရီးကြီး (ဒွေးကျင်အမအကြီးဆုံး) က ဈေးဝယ်ကပြန်လာပြီဆိုရင် ဘာက ဘယ်လောက်ပေးခဲ့ရတာပဲအေ ဆိုတာလောက်ပဲပြောတယ် ကျန်တာဒွေးကျင်အလုပ်ပဲ .. တစ်ဆယ်သားကိုဘယ်လောက်ရောင်း တစ်ပိဿာ ကို ဘယ်လောက်တောင်းဆိုတာ ဒွေးကျင်းက သတ်မှတ်ပေးရတယ်.. ဒွေးကျင်က တောသူဆိုပေမယ့် အကောင်းစားမှ ၀တ်တယ်.. ဖျင်ဆိုရင် လှည့်တောင်မကြည့်ဘူး.. အကောင်း စားမှ စားတယ်.. အကောင်းစား နိုင်ငံခြားဆေးမှ သောက်တယ် အထိုးခံတယ်.. ရွာပတ်ပတ်လည်မှာ ယာခင်း တွေ လက်ညိုးထိုးမလွဲရှိတာ အိမ်ပေါ်မှာထိုင်နေရင်း ထောင့်စေ့အောင်ယာလုပ်တယ်.. ဘယ်နွားနဲ့ဘယ်သူက ဘယ်ယာခင်းသွား ဘယ်သူတွေကိုခေါ်.. ဘယ်တော့ထွန် ဘယ်တော့ကြဲ ဘယ်တော့ရိတ် ဘယ်တော့သိမ်း အားလုံး အိမ်ပေါ်ကနေလုပ်သွားတယ်.. ယာခင်းထဲကိုတော့ ကိုယ်တိုင် တစ်ချက်ဆင်းမကြည့်ဘူး .. ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး.. အိမ်ကို ဈေးဝယ်လာသမျှကလေးတွေကို ဘုန်းကြီးဝတ်ဖို့ တရားဟော တယ်.. သူကိုယ်တိုင်ကို ဒွေးကျင်ရဲ့ တရားနာပရိတ်သတ်ပဲ.. အကို ဘုန်းကြီးပြန်သွားတော့ ဒွေးကျင်းက သူ့ကို မေးတယ် ဘယ့်နှယ့်လဲကိုယ်တော်လေးအဲဒီဘုန်းကြီးစားသလို နေ့တိုင်း စားချင်ဘူးလား တဲ့ ..ဟာ တုတ်ချင် တာပေါ့ဆိုတော့ ၀တ်လေ ကိုရင် စိတ်ချ စားရစေ့မယ် တဲ့ .. ဒီလိုနဲ့ သူု လေးတန်းအောင်တော့ အကို ဘုန်းကြီး ပြန်အလာမှာ ကိုရင်ဝတ်ပြီး ရန်ကုန်လိုက်လာတော့ပါပဲ.. သူကိုရင်ဖြစ်လာရခြင်းဟာ အဘွားရယ် စားစရာရယ် ဒွေးကျင်ရယ် တရားခံပဲ.. ညအိပ်ခါနီးတိုင်းအဘွားက ခဏခဏပြောတယ်..ငါ့မြေးကို အမေကြီး က  ဆရာဝန်ကြီး စစ်ဗိုလ်ကြီး ကျောင်းဆရာကြီး အရာရှိကြီး တစ်ခုမှ မဖြစ်စေချင်ဘူး ဘုန်းကြီးပဲဖြစ်စေချင် တယ် ဆိုပြီး သူ့အရင် ဘုန်းကြီးဖြစ်နေကြတဲ့ရွာသား ဘုန်းကြီး လေးပါးရဲ့အကြောင်းတွေကို ညအိပ်ရာဝင် ပုံပြင်အဖြစ်ပြောပြတယ်..      ဒီနေရာမှာ သူနဲ့သူ့အမေ့ ဆက်ဆံရေးအကြောင်းကိုပြောရအုံးမယ်.. သူဟာ အဘွားအချစ်တော် အဒေါ်တွေ အချစ်တော်ဆိုတော့ အမေ့လက်ပေါ်မှာ နေရခဲတယ်.. ဒီတော့ အမေ့ကို သူ သိပ်အာရုံမထားမိဘူး .. တစ်နေ့ နေ့လည် ၂ နာရီ မုန့်စားကျောင်းဆင်းချိန် သူအိမ်ပြန်ပြေးလာတော့ အိမ်ပေါ်တက်ခါနီး  အမေနဲ့တွေ့တယ်..  အမေက သူ့ကို လှေကားရင်းမှာ အတင်းဆွဲဖက်ပြီး နမ်းရင်းသား ပြောတယ်.. အမလေး လူလေးရယ် နေစမ်းပါဦး အမကိုများစကားလေးဘာလေးပြောစမ်းပါဦးတဲ့.. သူကတော့ ဘာမုန့်ရှိလဲပဲအော်နေတော့တာပေါ့ နောက် ပြီး သူငယ်ငယ်က သူ့ကိုနမ်းရင်မကြိုက်ဘူးတဲ့.. ဒီတော့သူကအတင်းရုန်းနေတော့တာပေါ့.. နောက်ပြီး အမေက ဆက်ပြောသေးတယ်.. အဲဒီတုန်းက အမေပြောလိုက်တဲ့စကားနဲ့ မျက်နှာအမူအယာ ဟန်ပန်တွေဟာ ခုထက်ထိ သူ့ရင်ထဲ စွဲနေခဲ့တယ်.. နောက်ပိုင်း အမေ့ကိုပိုချစ်တဲ့သားဖြစ်လာရတာလည်း ဒီနေရာ ဒီစကားကပဲ မြစ်ဖျားခံခဲ့ တယ်လို့ သူယုံကြည်တယ်.. အမေ သူ့ကို ပြောလိုက်တဲ့စကားက သား အမကို ပြုံးပြစမ်း တဲ့.. သူကတော့ မုန့် စားချင်ဇောနဲ့ ပြုံးပြရုံမဟုတ်ဘဲ ဟီး ဟီး လို့တောင်ရီပြခဲ့တယ်ထင်ပါရဲ့ ဒါမှလည်း အမေက သူ့ကိုလွှတ်မှာကိုး သူဟာဒီတစ်ခါတည်းနဲ့အမေကိုချစ်တဲ့သားလိမ္မာဖြစ်သွားတာတော့မဟုတ်သေးဘူး .. ဒါပေမယ့် နောက်ပိုင်း ဒီစကားသံလေးကို ကြားယောင်တိုင်း တဖြည်းဖြည်း အမေ့ကိုနားလည်လာခဲ့သလို မျက်နှာအရိပ်အကဲကို လည်း ဖတ်တတ်လာခဲ့တယ်.. သူ့အနာဂတ်အရေးတွေမှာ အမေ့ကို ထည့်ထည့်တွေးလာခဲ့တယ်.. ငါဒါလုပ်ရင် အမေ ကြိုက် မကြိုက် စိတ်ဆင်းရဲ မဆင်းရဲ ဆိုတာတွေကို သူ ဆယ်ကျော်သက်ကတည်းက တွေးဆတတ် နေခဲ့တယ်. သူ့အကြောင်းပြောစမှတ်တွင်စရာတွေထဲက လူသိရှဥ့်ကြားဖြစ်ခဲ့တာလေး သုံးလေးခုလောက် တော့ ပြောပြရအုံး မယ်.. ကိုးနှစ်သားလောက်က သူ့ညာဘက်လက်မမှာ အနာဖြစ်တော့ အနာစော်နံတာကို သူက ပုပ်စော်နံတယ် ဆိုပြီး အရှက်တော်ရကာ ၁၀ နာရီကျောင်းဆင်းချိန် အိမ်ပြန်ရောက်တော့ ခေါင်းရင်း ဘုရားစင်အောက်က ဓား ရှည်ကြီးယူ.. အိမ်အောက်ပြန်ဆင်း.. အောက်ကခုတုံးရှာပြီး လက်မကိုတုံးပေါ် တင်ပြီး ဖြတ်ဖို့ရွယ်နေပြီတဲ့.. ကလေးဆိုတော့ ဘယ်ဘက်ကလည်းမသန် ဓားကလည်းလေးနဲ့ ချိန်သားမကိုက်ဖြစ်နေချိန် မီးဖိုထဲမှာထမင်း ချက်နေတဲ့အရီးက အတင်းအော်ပြီးပြေးဆင်းလာလို့ သူ့ခမျာ ခုလိုအင်္ဂါစုံစုံလင်လင်နဲ့လူဖြစ်လာရတာ.. အဖွား ကအိမ်နောက်ဖေး ကွတ်ပြင်မှာ ရေချိုးနေတယ်.. အဖေ နဲ့ အမေ ကလည်း ယာထဲမှာ .. အရီးကယ်ပေလို့ပဲ.. တစ်ခါသား သူ့ဖေက သူ့ကိုရိုက်လို့လား ဆူလို့လားတော့ မမှတ်မိတော့ဘူး.. သူက အထိမခံ ရွှေပန်းကန်ဆို တော့ လူလစ်ချိန် ဓားယူပြီး လှည်းဘီးဒေါက်တွေကိုခုတ် ပြစ်တယ်.. အဖေဆိုတာစိတ်ဆိုးလွန်းလို့.. သူကတော့ လုပ်ပြီးတာနဲ့ အဒေါ်တွေအိမ်ဝင်းထဲအရောက် ပြေးတာပဲ.. အဒေါ်တွေအိမ်ဝင်းက သူ့အောင်မြေပဲ .. အဲဒီတုန်း က မြေးအဖွားနှစ်ယောက် အဒေါ်တွေအိမ်မှာ နှစ်ညလောက်အိပ်လိုက်ရသေးတယ်.. အမေကလည်း သူ့ ဆိုရင် မဆူရဲဘူး.. သူကလည်း ခင်းဗျား ရက်ကန်းစင်ခုတ်ပစ်မှာနော်လို့ ဓားကြိမ်းကြိမ်းထားတာကိုး.. သူ့အမေ က ရက်ကန်းယက်ဝါသနာကြီးတယ်.. နောက်တစ်ခုက တော်တော်ဆိုးတယ်.. တစ်ခါသား ကျောင်းဘုန်းကြီးမရှိတုန်း သူတို့ကျောင်းသားတစ်တွေ ဆော့ကြတာ ဘီရိုမှန်ကွဲပါလေရော.. ဒါကို သူနဲ့ကျောင်းသားကြီးတစ်ယောက်က တာဝန်ရှိသူတွေဆိုပြီး အနစ် နာခံကြတယ်.. အနစ်နာခံပုံက ရေနံဆီသောက်ပြီးသေဖို့ပဲ.. ဘယ့်နှယ့်တုန်း ဆိုတော့ သူကလည်း လုပ်လိုက် လေ ပေါ့.. အောင်မယ် အိမ်ကို နှုတ်ဆက်စာတောင် မျက်ရည်လေး ရှုံ့မဲ့ရှုံ့မဲ့နဲ့ရေးခဲ့သေးတယ်.. ပြီးတော့ ရေနံဆီ လဘက်ရည်ပန်းကန်တစ်လုံးလောက်ကို နှစ်ယောက်သား တစ်ဝက်စီမော့ချ လိုက်ကြ တယ်.. အဲဒီတုန်းက နေ့ခင်းနေပူကြီးထဲ ဘုန်းကြီးကျောင်းဝင်းထဲကို အရင်ဆုံးပြေးဝင်လာသူဟာ သူ့အမေပဲ.. ခု သူ ငယ်ငယ်ရွယ် ရွယ်နဲ့ မျက်မှန်တပ်ရတာ ထိပ်ပြောင်တာတွေဟာ ဒါ့ကြောင့်ပဲလို့ သူ့အမေက ညည်းတယ်.. နောက်တစ်ခုကတော့ ( ဒီတစ်ခုပြီးရင်တော်ဦးမှ .. တော်ကြာ သူပျံတော်မူလို့ အကောင်းတွေ ကြီး ပြောပြောငိုတဲ့ သူတွေရှိရင် အရီခံနေရဦးမယ်) သူလေးတန်းကျောင်းသားတုန်းက သူ့ဆရာမကရွာကိုခေါ်ခေါ်ပြီး ညအိပ်ညနေ စာသင်လေ့ရှိတယ်.. ဆရာမရွာက သူတို့ရွာရဲ့အနောက်ဘက်၃ မိုင်လောက်ဝေးတယ်.. အိမ်က ထမင်းချိုင့်နဲ့ လွယ်အိတ်နဲ့လေးတန်းကျောင်းသားကြီးသူက ဆရာမရွာကို ကျော် ဆင်ပေါင်ဝဲမြို့ရောက်အောင်ဆက်သွားပြီး ပွဲသွားကြည့်တယ်.. သူ့ရွာနဲ့မြို့နဲ့က ၇ မိုင်ဝေးတယ်… သူ ရဟန်းခံကာနီးတုန်းကအရီးကပြောတယ်..ငယ်ငယ်တုန်းကများကြီးလာရင်ခက်ရချည်ရဲ့လို့တထိတ်ထိတ် နဲ့ တဲ့ .. ဒီလောက်ကို လိမ္မာလာလိမ့်မယ်လို့ထင်မ ထားဘူးတဲ့.. ပြောသာပြောတာ အရီးကလည်း သူ့ကို သိပ်တော့စိတ်ချလက်ချရှိပုံမပေါ်ဘူး.. ဘာပြုလို့လည်း ဆိုတော့ အဲဒီတုန်းက ဘေးလူတွေက ကိုရင် တသက်လုံးဝတ်တော့မယ်ပေါ့    ဆိုရင်  အရီးက ပျော်သလောက်ပေါ့ လို့ ၀င်ဝင်ဖြေတယ်..   သူ့တူသူ အကြောင်းသိ  အစင်းသိဆိုတော့ သိပ်စိတ်ချဟန်မတူသေးဘူး .. ဒီလိုနဲ့ 1986 ဇွန်လထဲမှာ သူ ရန်ကုန် အိမ်တော်ရာ ဒက္ခိဏာရုံကျောင်းကို ရောက်လာခဲ့တယ်.. ပရိတ်ကြီး ၁၁ သုတ်နဲ့တစ်ဝါကုန်တယ်..   88 အရေးအခင်းကြီးကို သူကောင်းကောင်းကြုံလိုက်တာပေါ့.. 89 မှာ သူ အခြေပြု မူလတန်းကို မြို့နယ်မှာ ပထမ နဲ့ အောင်တယ်.. အဲဒီနှစ် သူရွာပြန်တော့ အသက် ၈၀ အရွယ်သူ့အဖွားဟာ တပြုံးပြုံးပေါ့.. မှတ်လောက် သားလောက်တစ်ခုကတော့ သူတို့ညီအကိုသုံးယောက်သား နွားထားတဲ့ တင်းကုပ် ပေါ် စိန်ပြေးတမ်း တက်ဆော့ကြတာ တင်းကုပ်ပေါ်က ပြုတ်ကျပြီး သူ့လက် မကျိုးရုံတမယ်ပဲံ.. တော်တော်ခံ လိုက်ရတယ်.. သူက ဟိုဘက် ဒီဘက်ထိုးထားတဲ့ လှည်းဆန်ပေါ်အနင်း ပြုတ်ကျတာဆိုတော့ သူ့အဖွားက တရားခံ လှည်းဆန်ကို နုတ်နုတ်ဆင်းပြီး နိမိတ်မကောင်းလို့ မီးတောင်အဆိုက်မခံဘဲံ လွင့်ပစ်ခိုင်းတယ်.. သူ ခိုင်းတာလုပ်ပြီးပြီလား ဆိုတဲ့ သူ့အဖေကိုမေးသံ နှစ်ခါ သုံးခါမက သူကြားတယ်.. သူ့အဖေက ကလည်း ပြီးပါပြီ အမရဲ့လို့ ပြန်ဖြေသံကို သူကြားပေမယ့် သူမယုံဘူုး .. ဘယ့်နှယ့် ဈေးကြီးပေးဝယ်ထားရတဲ့ ကျွန်းသားလှည်း ဆန်ကြီးကို သူ့အဖေက ဒီလို ဘယ်ပစ်လိမ့်မတုန်း.. 1990 .. 1 လပိုင်းမှာ အဘွားဆုံးတယ်.. သူမသိဘုး .. 3 လပိုင်းမှာစာမေးပွဲဖြေရမယ့်သူ့ကို မပြောကြ ဘူး..   စာမေးပွဲပြီးလို့ရွာပြန်တော့   သူငိုလိုက်ရတာလေ.. အဘွားအုတ်ဂူက ရွာအထွက်က ယာခင်းထဲမှာ လှမ်းမြင် နေရတော့ပိုဆိုးတယ်.. အဲဒီနှစ်မှာ သူ ပထမငယ် အောင်တယ်.. 1991 မှာ ပထမလတ် တစ်နှစ်ကျပြီး 1992 ကျ မှ အလတ်အောင်တယ်..1993 မှာပထမကြီးစာတွေ ကြိုကျက်ရင်းသူစာမေးပွဲမဖြေဖြစ်ဘူး.1994 မှာ ကမ္ဘာအေး ၀ိဇ္ဖောတာရုံ စာသင်တိုက်ကနေ သူ အကြီးတန်းအောင်တယ်..   94    ဒီဇင်ဘာမှာ  သူ   ရန်ကုန်   နပသ တက္ကသိုလ် ကျောင်းသားဖြစ်နေပြီ.. 94 ဒီဇင်ဘာကနေ 98 ၀ါဆိုဦး 7 လပိုင်းထိ သူနေခဲ့တဲ့ တက္ကသိုလ် … ခုတော့ တစ်ခါ တုန်းက တက္ကသိုလ်ပေါ့..သူ့တက္ကသိုလ်နဲ့ပတ်သက်ပြီး သူ့မှာ ပြောပြစရာတွေ ရင်ဖွင့်စရာတွေ ရင်နှဲ့အပြည့်ပဲ.. သုံးနှစ်ခွဲလောက် သူနေခဲ့တယ်.. ဒါပေမယ့် သူ ဘွဲ့မရခဲ့ဘူး.. ဘာ့ကြောင့်လဲလို့မေးရင် ခုချိန်မှာ သူဖြေမယ့်အဖြေက   အကြောင်းကြောင်းကြောင့်ပေါ့လို့ပဲ  လိုရင်း  တိုရှင်းဖြေမိမယ်.. တက္ကသိုလ်နဲ့ ပတ်သတ်ပြီး သူ့ဘ၀မှာ မှတ်ချက်တွေအမျိုးမျိုးပေးခဲ့..ဝေဖန်ရေးတွေ အထပ်ထပ်လုပ်ခဲ့   ကဗျာတွေ အမျိုးမျိုးရေးခဲ့ပေမယ့် ခုချိန်မှာတော့ သူ့ရင်ထဲမှာ ခံစားချက်မဲ့ ဗလာ အဖြူထည်သက်သက်ပဲ ဒီနေ့ 5. 8.2010 နေ့စွဲနဲ့ဆိုသူတက္ကသိုလ်က ထွက်ခဲ့တာ 12 နှစ်နဲ့ တစ်လ တောင်ရှိနေမင့်ကိုး .. သူ တက္ကသိုလ်က အထုတ်မခံခဲ့ရပါဘူး သူက အရင်ထွက်လာတာပါ … သူ မရေးချင်ဘူး သူ့ တက္ကသိုလ်ကျောင်းသားဘ၀ကို .. ဘာ့ကြောင့်လဲဆိုတော့ ပုထုဇဉ်ဆိုတာ ကိုယ်ထင်ရာကိုယ်လုပ်ပြီး ကိုယ်လုပ်တာ ကိုယ်မှန်တယ် ထင်တတ်တဲ့အမျိုး..  သူ့အနေနဲ့ သူ့ ပုဂ္ဂလိက ခံစားချက်တွေကို ပြောမနေချင် တော့ဘူး .. ထူးလည်းမထူး တော့ပါဘူုးလေ.. ဘယ်သူမပြု မိမိမှုလို့ သူ နှလုံးသွင်းထားတာ ကြာလှပေါ့… ဒါပေမယ့် သိန်းဖေဖြင့်  ဇ၀န မင်းလူ တို့ရေးတဲ့တက္ကသိုလ်အကြောင်းတွေ ဖတ်ရရင် သူ့ရင်ထဲမှာတော့ ကျဉ်တင်တင်ပေါ့..   ဦးနု ရဲ့ တာတေစနေသားထဲမှာဆိုရင် မောင်နု နဲ့ တက္ကသိုလ်ဟာ တဂျိန်းဂျိန်းပေါ့..ဦးနုက ဒီလိုရေးတယ် ဥပဒေကိုလေးစားတဲ့ အင်္ဂလိပ်တွေမို့ သူဒီလို စောဒကတက်ရဲ နောင်ဂျိန်ပလေးရဲတာတဲ့   ဥပဒေကို မလေးစားတဲ့ သူတွေကို ဒီလိုသွားလုပ်လို့ကတော့ သူ့ကို အစိမ်းလိုက်ဝါးစားကြမှာပေါ့ တဲ့ .. မောင်နု လုပ်ပုံ နမူနာ တစ်ခု လောက်ကြည့်ရအောင်.. မတ်လစာမေးပွဲနီးချိန်မှာ စစ်ကိုင်းဆောင်ဝါဒင်က အဆောင်ရှေ့ နားက သူ့အိမ်မှာ ပါတီပွဲပေးပေးနေတာ တရုန်းရုန်း တ၀ုန်းဝုန်းနဲ့ နေ့စဉ်ရက်ဆက်ဆိုတော့   စစ်ကိုင်း ကျောင်းသားတွေ စာကြည့် ပျက်လာကြတယ်.. ဒီတော့ ကိုကျော်မြင့်ဆိုတဲ့ ကျောင်းသားက ၀ါဒင်အိမ်သွားပြီး သိပ်မဆူဖို့ တောင်းပန်တာကို ၀ါဒင်က ဟောက်လွှတ်လိုက်တယ်တဲ့ .. ပါတီပွဲတွေကိုလဲ အရင်လိုဆက် လုပ်တာပဲတဲ့.. ဒီတော့ ကိုကျော်မြင့်နဲ့ သူငယ်ချင်းတစ်စုဟာ ၀ါဒင်အိမ်နားသွားပြီး သံပုံးတွေတီးကြ ပါလေရော.. စာရင်းချုပ်လိုက်တော့ ကိုကျော်မြင့် ကျောင်းတစ်နှစ်အထုတ်ခံရတယ်.. ကိုကျော်မြင့်ဟာ ဒီကိစ္စကို ဥက္ကဋ္ဌ ကိုနုကိုမတိုင်ဘူး.. ကိုနုသိရင် သူသောင်းကျန်းတာနဲ့ တစ်နှစ်ကနေ တစ်သက်လုံး ဖြစ်သွားနိုင်တယ်လို့ တွက်ပြီး တိုးတိုးတိတ်တိတ်ထွက်သွားဖို့ပြင်တယ်.. ဒါပေမယ့် ကိုနုသိသွားတော့ ရှေ့နေဆီသွားပြီး အမှုအပ် တယ်.. ဒီကျောင်းသား ကျောင်းတစ်နှစ်ထုတ်ခံရတာ နစ်နာကြောင်း.. ဒါ့ကြောင့် လျော်ကြေးပေးဖို့ တရားစွဲ မယ်ဆိုတဲ့အကြောင်း ကျောင်းအုပ်ဆီကို နို့တစ်ပို့ခိုင်းတယ်.. နောက်နေ့ကြတော့ ကျောင်းအုပ်က ကိုကျော် မြင့်ကို ခေါ်ပြီး ငါ့လည်း မစွဲပါနဲ့ .. မင့်လည်းမထုတ်တော့ပါဘူး.. ဖြစ်တော့သကိုး… အင်း သူတို့ခေတ်က သူတို့ တက္ကသိုလ်.. ကိုယ်တို့ခေတ်ကျ ကိုယ်တို့တက္ကသိုလ်ပေါ့လေ.. ဘယ်တူမှာတုံး… သူတို့က လူတက္က သိုလ် ကိုယ်တို့က ဘုန်းကြီးတက္ကသိုလ်ကိုး…      ၁၃၅၇ ခုနှစ် ကဆုန်လဆန်း (၁)ရက် (29.4.95) စနေနေ့ မှာ ဒက္ခိဏာရုံ ဆရာတော် ဘဒ္ဒန္တ ၀ါသ၀ိန္ဒ ကို ဥပဇ္ဈာယ်ပြုပြီး ဦးဇော်မြင့်ဖေ + ဒေါက်တာ ဒေါ်ခင်လှရီ တို့၏ ပစ္စယာနုဂ္ဂဟနဲ့သူ ရဟန်း ဘောင်တက်ခဲ့တယ်.. ဒီလိုနဲ့    98 .. 7 လပိုင်းထဲမှာ သူ   ပြည် ဇောတိကာရုံ စာသင်တိုက်ကိုရောက်ခဲ့တယ်.. စား ၀တ် နေရေး ဆိုတဲ့ ဝေါဟာရကို သူ စ နားလည်ခဲ့တယ်.. နောက်ပြီး အပေါင်းအသင်းနဲ့ မိတ်ကောင်းဆွေကောင်း .. ဒါတွေကို ပြည် ဇောတိကာရုံက သူ့ကို အပြည့်အ၀ အတွေ့အကြုံတွေ ပေးခဲ့တယ်.. တိုတို ပြောကြစို့.. 99 မှာ သူ စာမေး ပွဲမအောင်ခဲ့ဘူး .. 2000 မှာ သူ နှစ်ကျမ်းစွဲပြီး 2001 မှာ သူကျမ်းပြီးကာ သာသနဓဇ ဓမ္မာစရိယ ဆိုတဲ့ ဘုန်း ကြီးအချင်းချင်း လေးစားရတဲ့ ဘွဲ့လေးတစ်ဘွဲ့ ရခဲ့ပါရဲ့.. နောက်ပြီး ကြံဖန်တပ်မယ်ဆိုရင် ကျောင်းတွင်းစာမေးပွဲ အောင်လို့ရတဲ့ ပရိယတ္တိသာသနာနုဂ္ဂဟဓမ္မာစရိယ ဆိုတဲ့ဘွဲ့ရယ် ကိုရင်ဝတ်ခါစက ရှင်ဝိစိတ္တ ဆိုတဲ့ဘွဲ့နဲ့ပေါင်းရင် သုံးဘွဲ့ရငတိလေးပေါ့လေ..ဓမ္မာစရိယအောင်တော့သူ့အသက် 26  ထဲမှာ.. အင်း ဘွဲ့တစ်ဘွဲ့ရဖို့ ၁၄ နှစ် တောင် စာသင်ခဲ့ရသကိုး တယ်တော်တဲ့ငါပါလားဟဲ့နော်… ဒီလိုနဲ့ ရန်ကုန် အိမ်တော်ရာ ဒက္ခိဏာရုံ ပရိယတ္တိစာသင် တိုက်မှာ သူ စာချဘုန်းကြီးလေး ဖြစ်လာပါတော့တယ်..